ဂန့်ဂေါ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေး ဝန်ထမ်း(၇၄)ဦးအတွက် ဒုတိယ အကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဂန့်ဂေါမြို့နယ်အုပ်ချု်ပရေးမှူး ဦးမောင်မောင်အေးက ရပ်ကွက်/ကျေးရွာ ဝန်ထမ်းများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆောင်ရွက်ရသည့်လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ အသိပေးကြေညာချက်များအား ရပ်ကွက်/ ကျေးရွာများ အတွင်း နေ့စဉ်လှည့်လည် ကြေညာခြင်းနှင့် အခြေခံလူတန်းများအား ထောက်ပံ့ငွေပေး အပ်ရန်အတွက် စာရင်းဇယားပြုစု/ ထောက်ပံ့ခြင်းစသည်တို့ ဆောင်ရွက်ရသည့် လုပ်ငန်းများ အတွက် ဂုဏ်ပြုထောက်ပံ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်မောင်အေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ဒုတိယဦးစီးမှူး ဦးမင်းအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်နုနုဆွေတို့က ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက် /ကျေးရွာစာရေး ဝန်ထမ်း(၇၄)ဦးအား ဒုတိယအကြိမ်အဖြစ် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်တစ်သိန်းကို ဝန်ထမ်းများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)