ကန်ကြီးထောင့် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မေလ ၉ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကျရောက်မည့် သဘာဝဘေးနှင့် ဆိုင်ကလုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ အမှတ်(၆)ရပ်ကွက်ရှိ အောင်သီန္ဓိဆန်စက်(၂)တွင် သဘာဝဘေးအတွက် အရန်ဆန်အိတ် အိတ်(၆၀၀)ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာများအား ထားရှိမည့်နေရာများနှင့် ဆေးဝါးများ ပြင်ဆင်ထားရှိမှုအခြေအနေတို့အား လိုက်လှံကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာခင်မာလွင်က လိုက်လံ ရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်စခန်းတွင် သဘာဝ ဘေးအန္ဒရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိသော လူ၊ ယာဉ်၊ စက်ကရိယာနှင့် လိုအပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ရှင်းလင်းခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS)ရုံးတွင် ဖွင့်လှစ်ထားရှိသော မြို့နယ်ကွတ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အရေးပေါ်အချိန်တွင် ကျေးရွာများသို့ ဆက်သွယ်ရမည့် လုပ်ငန်းများ မှတ်တမ်းထားရှိမှုများအား တာဝန်ရှိသူများထံ အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။
မဇင် (ပြန်/ဆက်)