ဘောဂလိ မေ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝက်များဈေး ကောင်းပေးဝယ်နေ၍ မွေးမြူသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့အတွင်းရှိ ဒေသနေပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင့် ဝက်သားပေါက်များဝယ်ယူကာမွေးမြူလေ့ရှိရာ အရွယ်ရောက်ပြီးသား ဝက်အထီး၊ အစ်မတစ်စုံလျှင်ငွေကျပ်(၂၀၀၀၀၀)ခန့်ဝယ်ယူကြကြောင်း၊ ဝက်မွေးမြူ ရေးလုပ်ငန်းသည် အရင်းအနှီးများစွာမလိုပဲ တစ်ပိုင်တစ်နိုင်မွေးမြူ၍ ရသောကြောင့် မိသားစုအပိုဝင်ငွေလည်း ရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ဘောဂလိမြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲ၊ ကြက်ဆင်မွေးမြူရေး လုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာမြေများအတွက်လိုအပ်သော သဘာဝမြေဩဇာ များဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း တစ်ပိုင် တစ်နိုင်မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
မူးလာလာ(ပြန်/ဆက်)