သရက်ချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်း၊ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရေးနှင့် ကိုဗစ်–၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

သရက်ချောင်း မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ပြည်သူများအား သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်း၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် ကိုဗစ်–၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာရမည့်စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီအချိန်က သရက်ချောင်းမြို့၊ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် နယ်လှည့်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးနှင့် တပ်ဖွဲ့ဝင်များက ကိုဗစ်–၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ ပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်း အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် မိမိတို့ဒေသသည့် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ငယ်၊ ချောင်းငယ်နှင့် ပင်လယ်ကမ်းအနီးတွင် နေထိုင်ကြသူများကလည်း ရေးကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန်နှင့် ပြည်သူလူထုများ အနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီ  ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်များအား ကြိုတင်ပြင်ဆင်မှု များဖြင့် သတိပြုနေထိုင်ကြရန် စသည့်ဖြင့် လိုအပ်သည်များကို အသိပညာပေးနှိုးဆော်ခဲ့သည်။

ဆက်လက်၍ နွေရာသီပူပြင်းခြောက်သွေ့သော ကာလဖြစ်၍ ပြည်သူများအပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရေးအသိပညာပေးခြင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကိုဗစ်–၁၉ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် မြို့နယ်အတွင်း ကိုဗစ်–၁၉ရောဂါ လွယ်ကူစွာထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်–၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာရမည့်စည်းကမ်းချက်များအား စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)