ပြည်ကြီးမဏ္ဍိုင် မေ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့်တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုးထားသော ဆလပ်များလှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဆလပ်ပင်များကို အိမ်ရှိမြေကွက်လပ်များတွင် မြေအောင်ရေသွင်း၍ မျိုးစေ့ချ စိုက်ပျိုးကြပြီး အပင်များကောင်းမွန်စေရန်နှင့် ပိုးမွှားကျရောက်ခြင်း အန္တရာယ်မှကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး (၄)ပတ်အကြာတွင် ခူးဆွတ် ရောင်းချကြောင်းစိုက်ပျိုးရေးတောင် သူတစ်ဦးကပြောသည်။
ဆလပ်များစတင်ခူးဆွတ်ချိန်တွင် အပင်ကြီးတစ်ပင်လျင်(၁၀၀၀)ကျပ်နှင့် အပင်သေးပါက နှစ်ပင်လျင် (၁၀၀၀)ကျပ်ရရှိပြီး ထွက်ရှိသည့်ဟင်းသီးဟင်းရွက်များကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ကိုယ်တိုင်လာရောက် ဝယ်ယူခြင်းများရှိ ကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ပြည်သူများသည် တောင်ယာနှင့် ဉယျာဉ်ခြံများကို စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)