ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်

ဟားခါး မေ ၁၀

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က အားလုံးကြားသိထားပြီးဖြစ်သည့်အတိုင်း လာမည့်ရက်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် အင်မတန်အားကောင်းသော မုန်တိုင်းသတင်းကို အကြောင်းပြု၍ ညှိနှိုင်းတိုင်ပင်မှုူများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် အလျင်အမြန် ဆောင်ရွက် လို့ရသည့် အပိုင်းများရှိသကဲ့သို့ အချိန်ယူညှိနှိုင်းတိုင်ပင်ရမည့်အပိုင်းလည်း ရှိပါကြောင်း၊  ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် အစပြုသည့် အစည်းအဝေး သ ဘောလောက်ပဲဖြစ်၍ အများကြီး ဆွေးနွေးဆုံးဖြတ်၍ မရနိုင်ကြောင်း၊ သက်ဆိုင်ရာ Focal ဌာနများနှင့် လိုအပ်သလို စဉ်ဆက်မပြတ် သီးသန့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မုန်တိုင်းအပါအဝင် သဘာဝဘေး အန္တရာယ် ကျရောက်ခဲ့ပါက ဖွဲ့စည်းထားသည့် ကော်မတီ (၁၂) ရပ်အပြင် စနစ်တကျလေ့ကျင့်ထားပြီးဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ စသည်အဖွဲ့များ၏ အင်အားကို ရယူအားကိုးရမှာ ဖြစ်ကြောင်း၊ အားကောင်းသည့် မုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပါက အရေးပေါ် ရင်ဆိုင်တုံ့ပြန်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကော်မတီအလိုက် ဆွေးနွေးတင်ပြပေးစေလိုကြောင်း ဖြင့် အမှာစကားပြောကြားသည်။   

ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က သဘာဝဘေးအန္တရာယ်ဆိုတာ စဉ်ဆက်မပြတ် လေ့ကျင့်မှုမရှိခဲ့ရင် ဆုံးရှုံးနစ်နာမှု ကြီးမားနိုင်သည်ကို သမိုင်းအထောက်အထားများစွာ ရှိပါကြောင်း၊ လိုအပ်ချက် အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖွဲ့စည်းထားပြီး ဖြစ်သဖြင့် မိမိတို့၏ အတွေ့အကြုံများနှင့် ပေါင်းစပ်၍ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုူ နှင့် ဆက်လက်ဆောင်ရွက်မည့် စီအမံများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အကြုံပြု ဖြည့်စွက် ဆွေးနွေးကြပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)