လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်”ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်

လိပ်သို မေ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်” အဖြစ် အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအတွက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို  ယမန်နေ့နံနက်  ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် သွက်လက်ထက်မြက်သောသူလေးများဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ရပ်ကွက်အတွင်းမှ ကျောင်းသား/ကျောင်းသူ (၂၃) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်သူ ကလေးငယ်များအားလုံးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူးက ဗလာစာအုပ်များနှင့် ပုံဆွဲစာရွက်များကို အမှတ်တရလက်ဆောင်အဖြစ်   ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)