သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြသမှုကို အုတ်တွင်းတပ်နယ်မှူး လာရောက်ကြည့်ရှုစစ်ဆေး

အုတ်တွင်း မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြသမှုကို ယမန်နေ့မွန်းလွဲပိုင်းက အုတ်တွင်းတပ်နယ် တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ လာရောက်ကြည့်ရှုစစ်ဆေးသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကြိုတင်ကာကွယ်ရေးအတွက် အုတ်တွင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်ရဲကျော်ကျော်က မုန်တိုင်းသတင်းကိုမျက်ခြည်မပြတ်နားစွင့်ထားရန်၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ နေအိမ်၊ အဆောက်အအုံများကြံ့ခိုင်ကောင်းမွန်စေရေးပြင်ဆင်ဆောင်ရွက်ထားရန်၊ ယာယီခိုလှုံရန်သတ်မှတ်နေရာများ၏ လိုအပ်ချက်ကိုကြိုတင်စီစဥ်ဆောင်ရွက်ထားရန်၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသင့်ဖြစ်နေစေရန်၊ လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း အလေးထားဆောင်ရွက်ကြရန်နှင့် တုံ့ပြန်ဆောင်ရွက်မှုအနေဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ကြိုတင်စီမံဆောင်ရွက်ထားကြရန်တို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

ထို့နောက် အုတ်တွင်းတပ်နယ် တပ်နယ်မှူးနှင့်တပ်ရင်းတပ်ဖွဲ့ဝင်များက သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှု ဆန်၊ ဆီ၊ ရေ၊ ခေါက်ဆွဲခြောက်၊ ရိက္ခာစို/ခြောက်နှင့် အသင့်စားအစားအစာများစုဆောင်းထားရှိမှု၊ မြဲ(၃)မြဲ၊ မြန်(၃)မြန်၊ သင့်(၄)ဟူသည့် ဆောင်ပုဒ်နှင့်အညီ မီးသတ်တပ်ဖွဲ့ဝင်အင်အား(၃၅)ဦးက ရှာဖွေကယ်ဆယ်‌ရေးစက်ပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြသမှုတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုအသင်းအဖွဲ့များနှင့်အတူ ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တပ်နယ်မှူးက မြို့နယ်အတွင်း ကြုံတွေ့လာနိုင်သည့် သဘာဝဘေးသင့်အခြေအနေအတွက် ကူညီကယ်ဆယ်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် ယာယီတည်းခိုဆောင်များကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်မရှိစေရေး ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)