ဘားအံ မေ ၁၀
ကရင်ပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သဘာဝဘေးအန္တရာယ်သည် ကြိုတင်မျှော်မှန်းတွက်ဆရန် မလွယ်ကူသည့်အတွက် အခြေခံကျသည့် ရပ်ကွက်/ကျေးရွာများအဆင့်ထိ စီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့စည်းထားရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ဖွဲ့စည်းပြီးစီးမှုအခြေအနေကို ယခုအစည်းအဝေးတွင် တင်ပြပေးစေလိုကြောင်း၊ သဘာဝဘေးဆိုင်ရာတည်မြဲအမိန့်များနှင့် လုပ်ငန်းဆိုင်ရာစီမံချက်များကို နောက်ဆုံးအချိန်နှင့် ကိုက်ညီအောင် ရေးဆွဲထားကြဖို့လိုကြောင်း၊ သဘာဝဘေးအန္တရယ် ကြုံတွေ့လာရပါက ဆက်သွယ်မှုမပြတ်တောက်စေရန်၊ ကယ်ဆယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ၍ အသင့်ပြင် ဆင်ထားရန်၊ ရွေ့ပြောင်းနေရာချထားပေးနိုင်မည့် အဆောက်အဦနေရာများကြိုတင် ပြင်ဆင်ထားရန်၊ ဆန်၊ ဆီ၊ ရိက္ခာ ခြောက်၊ ဆေးဝါးများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်းထားရန်၊ မိုးလေဝသနှင့်ဇလဗေဒ သတင်းများကို မျတ်ခြေမပြတ်နားထောင်၍ ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းဥစ္စာများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက် လာသော ဘားအံ၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ လူ၊ ယာဉ်၊ ယန္တရားစုဖွဲ့ ထားရှိမှုအခြေအနေ၊ စားနပ်ရိက္ခာ စုဆောင်း ထားရှိမှု၊ Commend and Comtrol Center ပြင်ဆင်ထားမှု၊ အသိပညာ ပေးဆော်ဩပေးမှု၊ တိမ်းရှောင်ခိုလှုံရန်နေရာများပြင်ဆင်ထားမှု၊ ဆက်သွယ်ရေးမပြတ်တောက်စေရေးနှင့် ကျန်းမာရေးဆိုင်ရာပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)