မင်းဘူး(စကု)မြို့နယ်တွင် ကုန်တင်ယာဉ်မောင်းများကို Test Kits ဖြင့်စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ (၃)ဦး ထပ်မံတွေ့ရှိ

မင်းဘူး အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် အောက်တိုဘာ (၅) ရက်နေ့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မင်းဘူးမြို့မော်တော်ယာဉ်ရပ်နားစခန်းတွင် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၀) ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို Test Kits ဖြင့်စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။

မင်းဘူးမြို့ရှိ မော်တော်ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်-မင်းဘူး၊ စစ်တွေ-မင်းဘူး ပြေးဆွဲ သည့် ကုန်တင်ယာဉ် (၂၅)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အယောက် (၅၀) ကို Test kits ဖြင့်စစ်ဆေးရာမှ (၃)ဦး ပိုးတွေ့ရှိခဲ့ကြောင်း၊ Ambulance ဖြင့် ည(၁၀)နာရီခွဲ အချိန်က မင်းဘူးခရိုင်ပြည်သူဆေးရုံကြီးသို့ ခေါ်ဆောင် ၍ သီးခြားလူနာဆောင်တွင်ထားရှိပြီး ဆေးကုသပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ တင့်ခိုင်ထံမှ သိရသည်။

“ပိုးတွေ့သုံးဦးအထဲက မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်က (၃၉)နှစ်နဲ့ ကျောက်တန်း ကျေးရွာ က (၅၂)နှစ် အမျိုးသားနှစ်ဦးရဲ့ မိသားစုဝင် (၆) ဦးကိုတော့ မင်းဘူးမြို့ အ.ထ.က(၂) Quarntine Centre ကိုပို့ဆောင်ပြီးတော့ အသွားအလာကန့်သတ်ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သူတို့နဲ့ဆက်စပ်တဲ့သူတွေကိုလည်း အသေးစိတ်စုံးစမ်းနေပါတယ်” ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ကံ က ပြောကြားသည်။

အဆိုပါ ပိုးတွေ့လူနာအမျိုးသား (၃)ဦးမှာ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်မှ (၃၉)နှစ်၊ ကျောက်တန်း ကျေးရွာမှ (၅၂)နှစ်နှင့် ပွင့်ဖြူမြို့နယ် အရှေ့ပိုင်းရပ်မှ (၃၀)နှစ်တို့ ဖြစ် ကြောင်း၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့အထိ ပိုးတွေ့လူနာ(၅)ဦး ထားရှိကာ ဆေးကုသပေးလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)