လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ နွေရာသီ အားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်း ကျင်းပ

 

လိပ်သို မေ ၁၀

ကျောင်းသား/ကျောင်းသူများ  နွေရာသီ အားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေးအတွက် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ ၁၀ ရက်နေ့ နံနက် ၉   နာရီခွဲအချိန်က စာရေးဆရာ ဦးဖြိုးကြွယ်မြင့် ရေးသားသည့် “ သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန်လမ်းညွှန် ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေလေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတကြွယ်၀နိုင်ကြောင်း၊ စာများများ ဖတ်မှသာလျှင် အမှား၊အမှန်ကို ဝေဖန်သုံးသပ်နိုင်မှာဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၃) ရပ်ကွက်မှ ကျောင်းသူ နော်ကယ်ရိုလိုင်းက “သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန်လမ်းညွှန်” စာအုပ်ပါ “ကူညီတတ်ပါစေ” ခေါင်းစဉ်ပါ အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးပြီးနောက် စာပေဝါသနာရှင် မဇွန်ပွင့်ဖြူက “ စံပြပုဂ္ဂိုလ်ထားတတ်ပါစေ ” ခေါင်းစဉ်မှ “ ကလေးငယ်များအနေဖြင့် လေးစားအားကျသော ပုဂ္ဂိုလ်များ၏ တွေးခေါ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံကိုသိရှိပြီး အားကျတန်ဖိုးထားကာ စိတ်ဓာတ် တက်ကြွ၍ ကလေးငယ်တို့၏ ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား သိရှိလာနိုင်စေရန် အထောက်အကူပြုပါကြောင်း ” စသည့် ဥပမာပေး ပုံပြင်များနှင့် ခေါင်းစဉ်ပါ အကြောင်းအရာများကို  အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာရေးဆရာ ဦးဖြိုးကြွယ်မြင့်၏ သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန် များဖြစ်စေရန် လမ်းညွှန်စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် ပညာရေးဟာ လူငယ်များရဲ့ စိတ်ဓါတ်နှင့် စည်းကမ်းကို တည့်မတ်ပေးနေတဲ့ အဓိကမဏ္ဍိုင်တစ်ခုဖြစ်တာကြောင့် နိုင်ငံသားတိုင်း ကျောင်းပညာရေးကို တတ်မြောက်အောင် သင်ကြားဖို့လိုပါကြောင်း၊ ကျောင်းပညာသင်ကြားမှုကို တခြားအရာများထက် အလေးထားဆောင်ရွက်သင့်ကြောင်းကို အသိပညာ ဗဟုသုတအနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)