ရွှေဘို မေ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် KG +9 အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ သက်မွေးပညာရပ်တစ်ခုဖြစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဆက်လက်တက်ရောက် ပညာသင်ယူနိုင်ရန်အတွက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအ.ထ.က(၁)တွင် ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ရာ၊ ကျောင်းဆောက်လုပ်ပြီးစီးမှု အခြေအနေများကို၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောင်းဖွင့်လှစ်သင်ကြားရေးနှင့် စပ်လျဉ်း၍ ရွှေဘိုခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက "သင်တန်းမှာတော့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွေအခြေခံတဲ့ ဘာသာရပ် (၅) မျိုးကို အဓိက သင်ကြားပို့ချမှာ ဖြစ်ပါတယ်။ သင်ကြားရေးအတွက်လည်း သက်ဆိုင်ရာမိတ်ဖက်ဌာနတွေနဲ့ ပေါင်းစပ်ပြီး ကြိုတင်ပြင်ဆင် ထားရှိပြီးဖြစ်ပါတယ်။ သင်တန်းနေရာတွေ၊ သင်တန်းထောက်ကူပြု ပစ္စည်းတွေ၊ ရေ၊ မီး၊ သန့်စင်ခန်း၊ စတာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပါတယ်။ ဒါ့အပြင် သင်တန်းသား သင်တန်းသူများ တက်ရောက် ပညာသင်ယူနိုင်ရေးအတွက်လည်း ကျောင်းသားမိဘများနဲ့ ရှင်းလင်းဆွေးနွေးပွဲတွေ ပြုလုပ်တယ်။ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်။ ကြော်ငြာ ဗီနိုင်းတွေ ထုတ်ပြီး ကြော်ငြာထားရှိပါတယ် " ဟုပြောပြခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းဝင်ခွင့် လျှောက်လွှာများကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ လျှောက်လွှာတင်သွင်းနိုင်ရန် ကြေညာထားရှိကြောင်း ပြောကြားခဲ့သည်။
ခရိုင်ပြန်/ဆက်