ဖျာပုံ မေ ၉
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်း မုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက် ကူညီကယ်ဆယ်နိုင်ရေးအတွက် ဖျာပုံခရိုင်မီးသတ်ဦးစီးဌာန၊ (ဖျာပုံ/ဘိုကလေး/ကျိုက်လတ်/ဒေးဒရဲ)မြို့နယ် မီးသတ်ဦးစီးဌာနများတွင် ရှာဖွေကယ်ဆယ်တပ်ဖွဲ့ဝင် (၃၅)ဦး အရန်သင့်စုဖွဲ့ထားရှိပြီး တပ်ဖွဲ့ဝင်များအတွက် (၇)ရက်စာ စာရိက္ခာဖျာပုံခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးများတွင် စုစည်းထားရှိကာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်ဆောင်ရွက်ထားကြောင်း သိရသည်။
ဖျာပုံမြို့နယ်အနေဖြင့်သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၃၅)ဦး ချက်ချင်းထွက်ခွာ ကယ်ဆယ်ဆောင်ရွက်နိုင်ဖို့ စုဖွဲ့ထားပါတယ်။ ကယ်ဆယ်ရေး ဆောင်ရွက်ကြမည့် တပ်ဖွဲ့ဝင်တွေ အတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး စားရိက္ခာ (၇ )ရက်စာ အရန့်သင့်ထားရှိ၍ ဒီဇယ်ဂါလံ(၅၀)၊ ဓာတ်ဆီဂါလံ(၃၀)နှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းတွေကို အရန်သင့်စုဖွဲ့လေ့ကျင့်ထားရှိပါတယ် ဟုဖျာပုံခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝေက ပြောသည်။ မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ညွှန်ကြားချက်များနှင့်အညီ ဘေးအန္တရာယ်မဖြစ်ပွားမီ သတိပေးခြင်းများ ဆောင်ရွက်ပြီး ဖြစ်ပွားချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းသွားရောက် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ဖြစ်ပွားပြီးပါကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရသည်။
ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေး မော်တော်ယာဉ်(၁)စီး၊ ရှာဖွေ ကယ်ဆယ်ရေးရေယာဉ် (၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းမျိုးစုံနှင့် ရှာဖွေကယ်ဆယ်ရေးတပ်စုကို စားရိက္ခာ (၇)ရက်စာဖြင့် အရန်သင့်စုဖွဲ့ထားရှိ၍ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများဖြင့် အစဉ်မြဲ လေ့ကျင့်လျက်ရှိကြကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်
(ဖျာပုံခရိုင်ပြန်/ဆက်)