ထားဝယ် မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ထားဝယ်မြို့အဝင်ဂိတ်များ၊ လူစည်ကားနေရာများ၊ လမ်းဆုံလမ်းခွများ၊ မီးပိုင့်လမ်းဆုံများတို့တွင် သွားလာနေသောအများပြည်သူများနှင့် ဒေသခံပြည်သူများ အားဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသောမုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေးပြီး နောက်ဆက်တွဲဘေး အန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေး၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်၊ သိရှိလိုက်နာရန် အချက်များပါဝင်သည့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
အဆိုပါပူးပေါင်းအဖွဲ့သည် လူစည်ကားရာနေရာများတွင် မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မိုးလေဝ သနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင်မေလ (၅)ရက်နေ့မှ စ၍ အားအလွန်ကောင်း သော ဆိုက်ကလုန်း မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး အဆိုပါမုန်တိုင်းသည်မေလ(၁၀) ရက်နေ့မှ(၅)ရက်ခန့်အတွင်း မြန်မာနိုင်ငံ အတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်မည့်အခြေအနေရှိပါသည်။ မုန်တိုင်းဝင်ရောက်ပါက လေတိုက်နှုန်း(၁) နာရီ(၁၅၀) ကီလိုမီတာ မှ(၁၈၀) ကီလိုမီတာအထိ ရောက်ရှိနိုင်မည်ဖြစ်ပြီး ဒီလှိုင်းများ မြင့်မားစွာ တက်ရောက်မည်ဖြစ်သဖြင့် မိမိတို့၏ စက်လှေများ၊ ငါးဖမ်းလှေများ၊ ကမ်းနီးကမ်းဝေးရေယာဉ်များအား ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြပါရန်နှင့် လုံခြုံရန်နေရာတွင် ရပ်နားထားရှိကြပါရန် အသိပေးနှိုးဆော်ခဲ့သည်။
ဆက်လက်၍လုပ်သားပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်မကျရောက်မီ မိမိတို့၏ အရေးကြီးသော စာရွက်စာတမ်းများ၊ အဖိုးတန်ပစ္စည်းများကို ကြိုတင်သိမ်းဆည်းထားကြပါရန်၊ လိုအပ်သောသောက်သုံးရေနှင့် စားနပ်ရိက္ခာများပြင်ဆင် ထားရှိကြပါရန်၊အရေးပေါ်အခြေအနေနှင့် ကြုံတွေ့လာပါက ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ်ထားသော စုရပ်နေရာသို့ ကြိုတင်ရွှေ့ပြောင်းသွားရောက်နေထိုင်ကြပါရန်နှင့် မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေညာမှသာ မိမိတို့နေအိမ်သို့ ပြန်လည်ထွက်ခွာကြပါရန်၊ မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပြီး မိဘပြည်သူများက လေးစားလိုက်နာဆောင်ရွက်ပေးကြပါရန်နှင့် မိဘပြည်သူများအနေဖြင့် ထူးခြားသည့် အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုများရှိပါက နီးစပ်ရာဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ ချက်ချင်း သတင်းပို့ ဆက်သွယ် ပေးကြပါရန် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနိူးဆော်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)