ကမမောင်း မေ ၁၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစမ်းသရုပ်ပြ လေ့ကျင့်မှုနှင့်ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်(၈)နာရီအချိန်က ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ကမမောင်းမြို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချ်ိန်နှင့်တပြေးညီ လျင်မြန်စွာ ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ရေယာဥ်များ၊ မော်တော်ယာဥ်များအား ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။ ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ဖာပွန်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က ရှင်းလင်းပြောကြားပြိး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို အစမ်းသရုပ်ပြ လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြလေ့ကျင့်မှုသို့ ဖာပွန်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်း၊ ကမမောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းကြိုင်၊ ကမမောင်းမြို့ ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)