ဒေးဒရဲ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်(၈) နာရီခွဲက ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာတောင်သူ ဦးမြင့်မောင်၏ လယ်မြေ(၆)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက မြေဆီလွှာဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်မျိုးစေ့) များအား စုပေါင်းကြဲပက်ခြင်းနှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ စိုက်ပျိုးရန် လျာထားတာဝန်ပေးအပ်ထားသည့် ကျေးရွာ(၂၉)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများအား သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်မျိုးစေ့များအား တာဝန်ရှိသူများက လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် သစ်စိမ်းမြေဩဇာ၊ ဇီဝမြေဩဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်ပြီး လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ကြောင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းသိရပြီး ဒေးဒရဲမြို့နယ်တွင် ယနေ့အထိ သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော် (၂၉၅၀)ဧက ကြဲပက်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အေဇာလင်း