မုံရွာ မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှ စတင်၍ ခရိုင်(၅၀)ရှိ အခြေခံပညာ အထက်တန်းကျောင်း (၅၁)ကျောင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသွားမည့် အခြေအနေများနှင့်ပတ်သက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းတွင် KG+9 အောင်မြင်သော ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအား ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ကျောင်းသား/သူများ၊ မိဘပြည်သူများနှင့်အတူ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှစတင်၍ အလယ်တန်းအဆင့် (Grade-9)အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား အထက်တန်းအဆင့် သင်ယူနေစဉ်ကာလအတွင်း စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအသက်မွေးဝမ်းကြောင်း အတက်ပညာများကို သင်ယူနိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါကျောင်းများတွင် စက်မှုနည်းပညာ လမ်းကြောင်းအနေဖြင့် အဆောက်အဦနည်းပညာ၊ လျှပ်စစ်နည်းပညာနှင့် ဆက်စပ်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ ပညာသင်ကာလ (၃)နှစ်အတွင်း စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ ကျင့်ပေးမည်ဖြစ်ကြောင်း၊ အထူးအောင်(Credit)ဖြင့် အောင်မြင်သူများသည် နည်းပညာကောလိပ်နှင့် နည်းပညာတက္ကသိုလ်များသို့ လည်းကောင်း၊ အဆင့်မီ(Qualified) အောင်မြင်သူများသည် အစိုးရစက်မှု လက်မှုသိပ္ပံများသို့လည်းကောင်း တက်ရောက်နိုင်ပြီး အင်ဂျင်နီယာ နည်းပညာ ဒီပလိုမာသင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာကောလိပ်၏ တတိယနှစ် (ပထမနှစ်ဝက်)သို့ လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ တတိယနှစ် (ပထမနှစ်ဝက်) သို့လည်းကောင်း တက်ရောက်နိုင်မည်ဖြစ်ရာ ရိုးရိုးအောင်မြင်သူများအနေဖြင့် ပြီးမြောက်ကြောင်း အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး ပြင်ပလုပ်ငန်းခွင်များသို့ ဝင်ရောက်ရာတွင်လည်းကောင်း၊ ကိုယ်ပိုင် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူရရှိစေမည် ဖြစ်သည်။
ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေး အတက်ပညာဘာသာရပ်များတွင်လည်း အခြေခံပညာအထက် တန်းအဆင့် ပညာသင်ကာလ (၃)နှစ်တွင် သက်မှတ်အရည်အချင်းနှင့် ပြည့်စုံစွာ အောင်မြင်ကြပါက မိမိတို့နှင့်သက်ဆိုင်သည့် ကျောင်းများ၊ သင်တန်းများသို့ ဆက်လက် ပညာသင်ယူခွင့် ရရှိကြမည်ဖြစ်ရာ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှ စတင်သင်ကြားပေးသွားမှာဖြစ်ပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် (Grade-9) ပြီး မြောက်အောင်မြင်သော ကျောင်းသား/သူများ လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရသည်။
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် KG +9 အောင်မြင်ထားသော ကျောင်းသားကျောင်းသူများ သက်မွေးပညာရပ်တစ်ခုဖြစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဆက်လက်တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း ပေါင်း (၅) ကျောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က စ၍ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းဝင်ခွင့်လျှောက်လွှာများကိုလည်း ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ လျှောက်လွှာတင်သွင်းနိုင်ရန် ကြေညာထားရှိကြောင်း သိရသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ တိုင်းဒေသကြီ/ ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ စက်မှုလုပ်ငန်းမှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)\