သံတောင်ကြီးမြို့နယ်  ဒေသထွက် သဘာဝပျားရည်များ ဈေးနှုန်းအနည်းငယ် ကျဆင်း

သံတောင်ကြီး မေ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝ ပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် သံတောင်ကြီးဒေသထွက် ပျားရည်များ ဈေးကောင်းရရှိသော်လည်း ယခုနှစ် မေလဒုတိယပတ်တွင် ဒေသခံပြည်သူများမှာ ပျားဖွတ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး ပျားရည်များ ရောင်းချလျက်ရှိရာ   ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့် နေရာများမှ အမြင့်ပေ ၈၀ မှ ပေ ၁၀၀ ခန့်ရှိ သစ်ပင်ကြီးများတွင် စွဲနေသည့် ပျားအုံများကို တွေ့ရှိရပြီး ၎င်းပျားအုံများကို နွေအကုန် မိုးအကူးအချိန်၌ ပျားဖွတ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက သစ်ပင်ကြီးရှိ ပျားစွဲသည့် နေရာများသို့ သွားရောက်ကာ ပျားဖွတ်လေ့ရှိကြောင်း သိရသည်။

အဆိုပါ သံတောင်ကြီးဒေသထွက်ပျားရည်များကို သံတောင်ကြီးမြို့နှင့် တောင်ငူမြို့ရှိ ပျားရည် ရောင်းဝယ်လုပ်ကိုင်သူများထံတွင် ရောင်းချကြပြီး ပျားရည်များကို ယခင်နှစ်တွင် တစ်ပုလင်းလျှင် ကျပ်(၇၀၀၀)မှ ကျပ်(၈၀၀၀) အထိ ရရှိသော်လည်း ယခု မေလ ဒုတိယပတ်တွင် ပျားရည်တစ်ပုလင်း ကို ကျပ်(၅၀၀၀)မှကျပ် (၆၀၀၀)အထိသာ ရရှိကြောင်း ဒေသထွက်ပျားရည် အရောင်းအဝယ် လုပ်ကိုင်နေသူ  ဒေါ်နော်ဂေမူးထံက သိရသည်။

နော်နော်မူ