ဘုတ်ပြင်း မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဘုတ်ပြင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက လတ်တလောဖြစ်ပေါ်နေသည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် မုန်တိုင်းဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားသည့် လုပ်ငန်းအစီအမံများ၊ ရပ်ကွက်/ကျေးရွာအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာက ကြိုတင်ရွှေ့ပြောင်းရမည့် အိမ်ထောင်စုများ၊ ယာယီကယ်ဆယ်ရေးဆောင်ရွက်မည့် အခြေအနေများ၊ မုန်တိုင်းသတိပေးချက်များနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ အသိပညာပေးဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရှာဖွေကယ် ဆယ်ရေးကော်မတီ၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ၊ လုံခြုံရေးလုပ်ငန်း ကော်မတီနှင့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ဘုတ်ပြင်းခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)