လိပ်သိုမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

လိပ်သို မေ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ တာဝန် ရှိသူများက လှည့်လည်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ရာတွင် ဘင်္ဂလားပင်လယ်အော်အတွင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ရပ်ဖြစ်ပေါ်လျက်ရှိပြီး အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပါသဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ယာယီရွေ့ပြောင်း နေထိုင်ရာနေရာများသို့ အမြန်ပြောင်းရွေ့နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရန်၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အများပြည်သူ သိရှိနိုင်ရန် လိုက်လံနှိုး ဆော်ခဲ့ကြသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လေပြင်းတိုက် ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်း၍  သတိပေးထုတ်ပြန် ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် တာဝန်ရှိသူများက Hand Speaker  ဖြင့် အသိပေးကြေညာလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)