ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်၊ ဇမ္ဗူရတနာကျောင်းတိုက်၌ မင်္ဂလာတရားတော်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲနှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ဒိုက်ဦး မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်၊ ဇမ္ဗူရတနာကျောင်းတိုက်၌ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတရားတော်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲနှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပခဲ့‌ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆိုကန်တော့ဖွင့်လှစ်ပြီးနောက် အဘိဓမ္မဓရစူဠအာဘိဓမ္မိကကလျာဏညာဏဓဇ ဆရာဦးအောင်သက်ပိုင်က စွယ်တော်ကြိုးဗုဒ္ဓပူဇနိကတေးဖြင့် သီကျူးပူဇော်‌ပါသည်။

ဆက်လက်၍မြို့မသံဃာ့ပဝါရနာဂိုဏ်းကြီး၏ ဩဝါဒစရိယဆရာတော်ဖြစ်တော်မူသော မြို့သစ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး‌နောက် နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော်မဟာသဒ္ဓမ္ဓဇောတိက ဆရာတော်ဖြစ်တော်မူသော ခေမာသီဝံဆရာတော်၊ ပဲခူးခရိုင်ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ရတနာသိင်္ခမြောက်ဘက်ကမ်းကျောင်းဆရာတော်၊ သင်တန်းကြီး၏နာယကဆရာတော်၊ ဆရာဦးအောင်သက်ပိုင်ထို့ထံမှ ဝမ်းမြောက်စကားနှင့်အမှာစကားများ မြွက်ကြားသည်။

ထို့နောက်ဇမ္ဗူရတနာမင်္ဂလာတရားတော်သင်တန်းကြီး၏ဦးဆောင်နာယက ဆရာတော်သဒ္ဒမ္မဇောတိကဓဇ၊ ကမ္မဌာနာစရိယ ဇမ္ဗူရတနာဆရာတော် အရှင်ပညာဝံသ(ဒိုးတန်း)မှသင်တန်းဆိုင်ရာကိစ္စရပ်များ၊ စာအောင်ဆုနှင်းသဘင်ပွဲနှင့်ပတ်သက်၍ မြွက်ကြားတော်မူပြီးနောက် စာအောင်လက်မှတ်များ၊ ထပ်ဆင့်ဂုဏ်ပြုလွှာများနှင့် ဂုဏ်ပြုဆုပေးအပ်ခဲ့ပါသည်။

အဆိုပါဂုဏ်ပြုဆုပေးအပ်ပွဲတွင် မူလအဘိဓမ္မာကုရ ၈ ဦး၊ ပဋိစ္စသမုပ္ပါဒ်စာအောင်ဆု ၁၅ ဦး၊ ဗုဒ္ဓဝံသဒီပလိုမာ ၁၁ ဦး၊ မင်္ဂလဓရ(ပ)ဆင့် ၃၁ ဦး၊ (ဒု)ဆင့် ၁၉ ဦး၊ (ရိုးရိုး) ၆ ဦး၊ စံပြမိဘဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆု ၇ ဦးတို့အား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)