ဆင်ပေါင်ဝဲ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းခန့်မှန်းသတိပေးထုတ်ပြန်ချက်အား မိဘပြည်သူများ အနေဖြင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးချက်တွင် မေလ ၆ ရက်နေ့ မြန်မာစံတော်ချိန် (၁၄) နာရီအချိန်ထုတ်ပြန် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေလ(၈)ရက် နေ့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်သည်။ အဆိုပါ လေဖိအားနည်းသည် ပိုမိုအားကောင်းလာပြီး မေလ(၉)ရက်နေ့တွင်မုန် တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာမြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေလ(၁၀)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင််ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်သည့် ခန့်မှန်းချက်အခြေအနေအားလည်းကောင်း၊ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအရ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်ပါသဖြင့် မေလ(၉)ရက်နေ့မှ (၁၄)ရက်နေ့ထိ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်သဖြင့် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင်(၈၀)မှ မိုင်(၉၀)ထိ တိုက်ခိုက်နိုင်သည်ဟု ခန့်မှန်းချက်များအားလည်းကောင်း၊ အကြံပြုချက်မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အချက်အားသိရှိပြီး ပြည်သူများကြိုတင် သတိပြုပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်၊ ကုန်းမြင့်ဒေသတွင်နေထိုင်သူများ မြေပြိုမှုအန္တရာယ်နှင့် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ဝေး၊ ငါးဖမ်းရေယာဉ်များ၊ ချောင်းအနီးနေထိုင်သော ပြည်သူများအနေဖြင့် ကြိုတင်သတိပြု ရှောင်ရှားနေထိုင်ရန်နှင့် ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍လိုအပ်သည်များ ပြင်ဆင်နိုင်ရန် လိုက်လံအသိပေး နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာ အလိုက်တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျေးရွာနေပြည်သူများ သိရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)