မုံရွာ မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ခရိုင်အတွင်း မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆုံးရှုံးမှုနည်းပါးသည်ထက် နည်းပါးစေရေးအတွက် ဆောင်ရွက်သင့်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၈)ရက် ညနေပိုင်းက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မုံရွာခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးက မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ နောက်ဆုံးခန့်မှန်း ထုတ်ပြန်ပေးသည့် မိုချာ(MOCHA) ဆိုင်ကလုန်းမုန်တိုင်း ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ လူနှင့်တိရိစ္ဆာန်များအား ရှာဖွေကယ်ဆယ်ရန်နှင့် နေအိမ်၊ အဆောက် အဦများ၊ ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အလျှင်အမြန်ဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီ အသီးသီးမှကြိုတင်ပြင်ဆင် ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက် ထားကြရန် ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်တို့မှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများမှ ဆပ်ကော်မတီအသီးသီးအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု လုပ်ငန်းအစီအမံများကို ဆွေးနွေးကြသည်။
မုံရွာခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီကို ဆပ်ကော်မတီ (၁၂)ရပ်ဖြင့် ဖွဲ့စည်းထားရှိပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားကာ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကိုလည်း အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားကာ ပြည်သူများအား မုန်းတိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေး သတိပေးလှုံ့ဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် သဘာဝဘေးဖြစ်ပွားပြီးပါက အရေးပေါ်ခိုလုံရန်နှင့် နေထိုင်နိုင်ရေးအတွက် မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်တွင် တိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ်ဘောလုံးကွင်း၊ မိုးလုံလေလုံ အားကစားကွင်း၊ ရွှေစည်းခုံသာသနာ့ဗိမာန်၊ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃)စသည့် နေရာ(၆)နေရာတို့တွင် ပြည်သူ(၂၂၀၀)ဦးအတွက် လည်းကောင်း၊ ချောင်းဦးမြို့နယ်တွင် ပြည်သူ့အားကစားကွင်းနေရာတွင် ပြည်သူ(၃၀၀)ဦးအတွက် လည်းကောင်း၊ ဘုတလင်မြို့နယ်တွင် မြို့နယ်အားကစားကွင်းနှင့် အားကစားခန်းမ စသည့်နေရာ(၂)နေရာတို့တွင် ပြည်သူ(၇၀၀)ဦးအတွက်လည်းကောင်း၊ အရာတော်မြို့နယ်တွင် မိုးလုံလေလုံခန်းမ၊ မြို့နယ်စိုက်ပျိုးရေးဝါဂိုဒေါင်၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ စသည့်နေရာ(၄)နေရာတို့တွင် ပြည်သူ(၄၅၀)ဦးအတွက် လည်းကောင်း စုစုပေါင်းနေရာ(၁၃)နေရာတို့တွင် ပြည်သူ(၃၆၅၀)ဦး အသီးသီး ခိုလုံနိုင်ရေး ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)