လိပ်သို မေ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ကူညီမှုများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လေဖိအားနည်းရပ်ဝန်းအခြေအနေ သတိပေး ထုတ်ပြန်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် သဘာ၀ဘေးအန္တရာယ်ကြုံတွေ့လာပါက ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန်၊ သဘာ၀ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ ပြည်သူများသို့ မုန်တိုင်းဘေးကြိုတင်အသိပေးထားရှိရန်နှင့် ဘေးကင်းလုံခြုံသော နေရာများကို သတ်မှတ်ရှာဖွေထားရန်၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်များ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အဆင်သင့်ထားရှိရန်အတွက် မိမိတို့ရပ်ကွက်/ကျေးရွာများရှိ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြစေရေး၊ သက်ဆိုင်ရာ ရပ်/ကျေးကော်မတီများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မုန်တိုင်းဘေး ကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ တင်ပြဆွေးနွေးကြပြီး မြို့အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)