ဘားအံ မေ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(မြိုက်ကြီးငူ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ နယ်မြေခံတပ်မတော်အရာရှိများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ သင်တန်းသူများအတွက် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်အစရှိသော စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် သင်တန်းကျောင်းဒုတိယကျောင်းအုပ်က သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ သင်တန်းသူအိပ်ဆောင်၊ စားဖိုဆောင်နှင့် သင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ သင်တန်းတွင် သင်တန်းသူ (၃၀)ဦးအား ရက်သတ္တပတ် ၂၂ ပတ်ကြာ အဆင့်မြင့်စက်ချုပ်ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဘားအံ)၌ အဆင့်မြင့်အိ်မ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆)နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ် (၂၀)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားကာ ရက်သတ္တပတ် ၂၂ ပတ်ကြာသင်တန်းတက်ရောက်ကြမည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ(၃၅)ဦး၊ ရိုးရာဂျပ်ခုတ် သင်တန်းသူ(၅)ဦး စုစုပေါင်း ၄၀ ဦးအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ပဲဝါခြမ်း အစရှိသော စားသောက်ကုန် ပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံပေးအပ်သည်။
ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး ယခင်သင်တန်းဆင်း လက်ရာများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)