ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ မြသန်းတင့်ရေးသားသည့် ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်များ စာအုပ်ပါ ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်များ ဆောင်းပါးနှင့် မိန်းမမြတ်တို့၏တန်ဖိုး ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက လူတိုင်းအတွက် အစာအာဟာရလိုအပ်သလို စာပေအာဟာရလည်း လိုအပ်ပါကြောင်း စာအုပ်တစ်အုပ်ထဲတွင် စားသောက်၍ မကုန်ခန်းနိုင်သော စာပေအာဟာရများ ရှိပါကြောင်းနှင့် မိန်းမမြတ်တို့တန်ဖိုးဟာ ချိုသာစွာပြောဆိုဖို့၊ စနစ်ကျအောင်စီမံဖို့၊ ချီးကျူးအားပေးစကား ပြောဖို့ဖြစ်ပါကြောင်း  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး စာပေချစ်သူများက ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သတ်သည် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အေဇာလင်း