ဝန်းသိုမြို့နယ်တွင် ဆောင်းမြေပဲနုတ်ချွေအငှားလိုက်သူများ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိလျက်ရှိ

ဝန်းသို မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ဆောင်းမြေပဲသီးနှံပေါ်ချိန် မြေပဲနုတ်ချွေ အငှားလိုက်သူများ  တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။ “ဒီနှစ်က မိုးရွာသွန်းမှုနည်းတဲ့အတွက် မြေသားကမာပြီး မြေပဲပင်နုတ်ရကြတ်တယ်၊ တစ်ချို့လဲ ရေသွင်းပြီးမှ နုတ်ကြရတယ်၊ အဲ့ဒီအတွက် ဈေးပိုပေးရတယ်၊ တစ်ချို့က မြေပဲတစ်တင်းကို ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀ အမျိုးအမျိုးဈေးပေးပြီး  ငှားရတယ်” ဟု ရွှေဝန်းသီတာကွင်းမှ မြေပဲခင်းပိုင်ရှင် တစ်ဦးက ပြောသည်။” မြေပဲဥရင် ဥသလို တစ်ရက်ကိုပျမ်းမျှ နှစ်တင်း သုံးတင်းရတဲ့အတွက် တစ်ယောက်ကို ၈၀၀၀၊ ၁၀၀၀၀ ကျော်ရတယ်၊ တစ်ချို့မိသားစု နှစ်ယောက် သုံးယောက်လုပ်ရင် တစ်ရက်ကို ၁၀၀၀၀ကျော် ၂၀၀၀၀ လောက်ရကြတယ်” ဟု မြေပဲအငှားနုတ်သူတစ်ဦးက ပြောသည်။

ဝန်းသိုမြို့နယ်တွင် ယခုနှစ်အတွင်း ဆီထွက်သီးနှံ ၁၄၅၃၇ ဧက စိုက်ပျိုးထားရှိကြောင်း လက်ရှိမြေပဲ တစ်တင်း ၃၀၀၀၀ ကျပ်၊ မြေပဲဆီ ၁၀ပိဿပုံးတစ်ပုံး ကျပ် ၁၅၀၀၀၀ ကျော်ပေါက် ဈေးရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

ထွန်းထွန်း