တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ သရုပ်ပြဆောင်ရွက်

တောင်ငူ  မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သရုပ်ပြဆောင်ရွက်ခြင်းနှင့် လိုအပ်မည့်ပစ္စည်းကိရိယာများကြိုတင်စီစဥ်ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက် (၉)နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှူးဗိုလ်မှူးချုပ်စွမ်းလှိုင်မင်း၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

မိုးကြိုကာလရောက်ရှိလာတော့မည်ဖြစ်၍ တောင်ငူခရိုင်အတွင်း သဘာဝဘေးကြောင့် လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိလာနိုင်ခြင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် အားအလွန်ကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာကာ မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်လာမည့် အခြေအနေရှိသောကြောင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မြစ်၊ ချောင်း၊ ကမ်းဘေးတွင် နေထိုင်သည့်ပြည်သူများအား ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအသိပညာပေးခြင်းနှင့် စုရပ်များကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊  သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်  တောင်ငူမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးနှင့် မြို့ပေါ်ရပ်ကွက်များမှ ပရဟိတအသင်းအဖွဲ့များဖြင့် အသင့်စုဖွဲ့ သရုပ်ပြဆောင်ရွက်ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်မည့်ပစ္စည်းကိရိယာများ ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း အလားတူဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)