မြဝတီ မေ ၁၀
၂၀၂၃ ခုနှစ်၊ မေ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအုန်းဝေက မိမိတပ်ဖွဲ့ဝင်များ အနေဖြင့် မိုးတွင်းကာလ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသင့်အနေအထားဖြင့် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ပြည်သူအကျိုးပြုလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပရဟိတစိတ်ဓာတ်ထား၍ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားပေးသည်။ ဆက်လက်၍ မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးရဲအောင်နှင့် တပ်ဖွဲ့မှူး ဦးအောင်သွင်ဦးတို့က တပ်ဖွဲ့ဝင်များအား အမှာစကားများ အသီးသီးပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရုံးရှေ့လမ်းကြီးတစ်လျှောက် သွားလာနေကြသည့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask)၊ မျက်နှာသုတ် ပုဝါ၊ ယပ်တောင်နှင့် မိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)