ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာပစ္စည်းများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့

ဘားအံ မေ ၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော် အရာရှိများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် ဖာပွန်ခရိုင်၊ ကမမောင်းမြို့သို့ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာပစ္စည်းများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြိုင်ကြီးငူအထူးဒေသသို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မြိုင်ကြီးငူအေးလင်းသာယာကျောက်စာကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား အားပေးစကားများပြောကြားပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ နယ်မြေခံတပ်မတော်အရာရှိများနှင့်အတူ အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေ ၂၀၈၉ ဦးအတွက် ငွေကျပ် ၃၁,၃၈၈,၂၅၀ (သုံးရာတစ်ဆယ့်သုံးသိန်းရှစ်သောင်းရှစ်ထောင်နှစ်ရာ့ငါးဆယ်) တန်ဖိုးရှိ ဆန် ၅၂၂ အိတ်နှင့် ၆ ပြည်၊ ဆီ ၂၁၆ ပိဿာ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထောက်ပံ့သော ငွေကျပ် ၁,၉၂၁,၈၈၀ (တစ်ဆယ့်ကိုးသိန်းနှစ်သောင်းတစ်ထောင်ရှစ်ရာ့ရှစ်ဆယ်) တန်ဖိုးရှိ အာလူး၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲခြောက်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည်။     

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်သည့် အခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ် ရေးကတ်ပြား၏ အသုံးဝင်ပုံများကို ရှင်းလင်းပြောကြားပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိများနှင့်အတူ One Stop Service စနစ်ဖြင့် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၁ ကတ်အား ပြည်သူ့လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကာ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန်ကျန်ရှိသူ ၁၁၆ ဦးကိုလည်း လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ၎င်းတို့၏မိသားစုဝင် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ဆီပဲရိက္ခာ ပစ္စည်းများနှင့် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဆွေမြတ်မျိုးကြွယ်ပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား အားပေးစကားများပြောကြားပြီး ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၇၇၈)စု၊ လူဦးရေ(၃၃၃၃)ဦးအတွက် ၅၀,၄၁၂,၇၅၀(ငါးရာလေးသိန်းတစ်သောင်း နှစ်ထောင်ခုနှစ်ရာ့ငါးဆယ်) တန်ဖိုးရှိ ဆန် ၈၃၃ အိတ် ၆ ပြည်၊ ဆီ ၃၈၉ ပိဿာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့သော ငွေကျပ် ၃,၀၆၆,၃၆၀ (သုံးဆယ်သိန်းခြောက်သောင်း ခြောက်ထောင်သုံးရာခြောက်ဆယ်)တန်ဖိုးရှိ အာလူး၊ ကုလားပဲ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရခြင်းမရှိသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖာပွန်မြို့နယ်ရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)