ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိ

ချောင်းသာ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ပြိုကျ အဆောက်အအုံများရှိပါက အဆိုပါ အဆောက်အအုံအတွင်း ပိတ်မိလူနာများကို ကယ်ဆယ် ရွှေ့ထုတ်ရန်အတွက် လိုအပ်သောပစ္စည်းများ၊ ပိတ်မိလူနာများ ဝင်ရောက်ကယ်ဆယ်ရာတွင် အသုံးပြုသည့် အသက်ရှူကိရိယာများ၊ အရေးပေါ်မီး အသုံးပြုရန်အတွက် Area Lighting နှင့် မီးစက်များ၊ အရေးပေါ်ကယ်ဆယ်ရေးကြိုးများ၊ သစ်ပင်များပြိုလဲသည့်အခါ သစ်ပင်များကို ဖြတ်တောက်ရှင်းလင်းရာတွင် အသုံးပြုသည့်  Chain Saw များ၊ အရေးပေါ်သုံးပစ္စည်းများ အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိခြင်းတို့ကို မြို့နယ်မြေမီးသတ်စခန်းမှူး ဦးပြည့်စုံထွန်းထံက ရှင်းလင်းတင်ပြခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ချောင်းသာမြို့တွင် မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မှီအသိပေး ပြန်ကြားပြီး ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ် ကျရောက်သည့်အခါ အရေးပေါ်ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။

ကျော်ကျော်(ပြန်/ဆက်)