ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပန်းတနော် မေ ၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လေဘေးအန္တရာယ်လျော့ပေါ့ရေး ကြိုတင်ကာကွယ်တားဆီးခြင်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲနိုင်ရေးအတွက် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့နှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ဆွေနွေးပြောကြားခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က လေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရမည့် ကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်ဝင်းက ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များ စုဖွဲ့ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စသည့်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)