ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်

ထီးချိုင့် မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် ပစ္စည်းကိရိယာများကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မိုးကြိုကာလရောက်ရှိလာပြီး မုန်တိုင်းအန္တရာယ် ကျရောက်လာမည်ဖြစ်၍ ထီးချိုင့်မြို့နယ် အတွင်း သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူအများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေး၊ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အသိပညာပေးခြင်းနှင့် စုရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များအား အသင်စုဖွဲ့ပြီး ကယ်ဆယ်ရေးလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက်လိုအပ်မည့် ပစ္စည်းကိရိယများ ဖြစ်သော ရှာဖွေးရေးလုပ်ငန်းသုံး ယာဉ်များ၊ အသက်ကယ် Speed Boat စက်သုံးဆီ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ အသက်ကယ်ကြိုးများ အစရှိသည်များဖြင့် အသင့်ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)