အမာ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည (၇)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း ဦးဆောင်၍ အမာမြို့၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးရန်နိုင်လင်းနှင့် တာဝန်ရှိသူများက မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူများ အနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင် ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြု ရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန် ကြေညာသော မုန်တိုင်းဘေးအန္တရာယ် သတင်းများကို အစဥ်မပြတ်နားထောင်ကြရန်၊ လေပြင်းဘေးကြိုတင် ကာကွယ်ရေးနှင့် တုန့်ပြန်နိုင်ရေးအသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံအသိပေးနှိုးဆော်လျက် ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အသိပညာပေးနှိုးဆော်ခြင်းကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန် အတွက် ညစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမာ (ပြန်/ဆက်)