သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် လယ်ယာမြေအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်

ဘိုကလေး မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းများတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ လယ်ယာမြေများ အထွက်တိုးစေရေးနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းရှိ တောင်သူများ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးနိုင်ရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

တောင်သူများသည် သီးနှံများအထွက်တိုးရန် ဓာတ်မြေဩဇာများ နှစ်စဉ်လွန်ကဲစွာ သုံးစွဲမှုကြောင့် မြေဆီလွှာ၏ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်း၊ ဓာတုဓာတ်ကြွင်းများကြောင့် လူနှင့် သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးမှု ကျော်လွှားနိုင်ရန် သက်တမ်းတိုအတွင်း ကြီးထွားမှုမြန်ဆန်၍ နိုက်ထရိုဂျင် ပမာဏများများ ထုတ်ပေးသည့် ပိုက်ဆံလျှော်ကို နှံစားနှင့် အခြားသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်းနှင့် မြေဖုံးပင်အဖြစ် စိုက်ပျိုးပါက အကျိုးများသည့် သီးနှံဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ပင်အား ရာသီအားလုံးစိုက်ပျိုးနိုင်ပြီး မျိုးစေ့ထုတ်စိုက်ပျိုးပါက မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မေလနှင့် ဇွန်လ၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်ပေသည်။

စိုက်ပျိုးရန် နုန်းမြေအမျိုးအစားသည် အသင့်တော်ဆုံး ဖြစ်ပြီး pH ၅-၈.၅ အဆင့်ရှိသော မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကလျှင် တန်းကြား(၁)ပေ၊ ပင်ကြား(၄)လက်မ၊ မျိုးစေ့ (၂.၅)ပြည်နှုန်း၊ ကြဲပက်စိုက်ပျိုးမည်ဆိုပါက (၄)ပြည်မှ (၆)ပြည်နှုန်း စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရန် ရက်(၃၀)အတွင်း ရေတစ်ကြိမ်သွင်းရန် လိုအပ်ကြောင်း သိရသည်။

၎င်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အား စိုက်ပျိုးခြင်းဖြင့် လယ်ယာမြေအတွင်းတွင် ပိုးမွှားရောဂါ ကျရောက်မှုနည်း၍ ပိုးသတ်ဆေးသုံးရန် မလိုအပ်ခြင်း၊ တောက်ပသော အဝါရောင်ပန်းပွင့်များ ပွင့်သောကြောင့်  ပျား၊ နကျယ်ကောင်များအား ဆွဲဆောင်နိုင်ပြီး ဇီဝနည်းဖြင့် ပိုးမွှားကာကွယ်နိုင်ခြင်း၊ နီမတုတ်ရောဂါ ကျရောက်မှု လျှော့ချပေးသည့်အတွက် သီးလှည့်စိုက်နိုင်ခြင်း၊ မြေဆီလွှာအတွက် အကျိုးပြုသော ဘက်တီးရီးယားနှင့် တီကောင်များ ပွားများစေခြင်း၊ နှစ်ရာသီ၊ သုံးရာသီ ဆက်တိုက် စိုက်ပျိုးပါက ပေါင်းပင်ပေါက်ရောက်မှုကို သိသာစွာ လျော့နည်းခြင်း၊ မြေကြီး အပူချိန်ကို ထိန်းညှိနိုင်ခြင်း၊ သစ်စိမ်းမြေဩဇာပင်များ၏ အမြစ်များသည် မြေကြီးနက်နက်ထဲသို့ ဆင်းနိုင်ပြီး အပင်အာဟာရများအား အပေါ်ယံ မြေဆီလွှာသို့ သယ်ဆောင်ပေးနိုင်ခြင်း၊ သစ်စိမ်းမြေဩဇာ သုံးစွဲသည့်အတွက် ဓာတ်မြေဩဇာ လျှော့သုံးလိုက်ခြင်းအားဖြင့် မြေဆီလွှာနှင့် ရေထုထဲသို့ ဓာတုအဆိပ် စီးဆင်းမှု လျော့နည်းခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ စိုက်ပျိုးပါက စိုက်ပျိုးသည့် လယ်ယာမြေများ၏ သီးနှံများသည် မုချအထွက်တိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)