မုံရွာမြို့၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှု ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့်များ ဆက်လက်ထုတ်ပေး

 မုံ ရွာ မေ ၉

 အလုပ်သမားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုး ခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေကြီး တာဝန်ခံ အရာရှိ ဒေါ်ကေသီဝင်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များ ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မုံရွာမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Aventine Co;td (အာမို) မှ အာမခံအလုပ်သမား ဦးဇော်ဇော်အောင်၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုကြောင့် နာရေးစရိတ်ငွေကျပ် တစ်ဆယ့်ငါးသိန်းတိတိကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်၍ ယခုအခါ ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် သိန်းတစ်ရာ့ငါးဆယ်တိတိ စုစုပေါင်းထုတ်ပေးငွေ ကျပ်သိန်းတစ်ရာ့ခြောက်ဆယ့်ငါးသိန်းကို ကျန်ရစ်သူမိသားစုထံသို့ ပေးအပ်ရာ မိသားစုဝင် တစ်ဦးက လက်ခံရယူခဲ့ပြီးနောက် ကျန်ရစ်သူ မိသားစုကိုယ်စား Aventine Co;td (အာမို)  မုံရွာမြို့မှ  ဧရိယာတာဝန်ခံ ဦးမျိုးသီဟကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာနအောက်ရှိ မိတ်ဖက်ဌာနများမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ ‌တက်ရောက်ခဲ့ကြကြောင်း သိရှိရပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများ၏ ထိခိုက်နစ်နာမှုများ  ဆုံးရှုံးမှု မရှိစေရေး၊ ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်စေရေး သက်ဆိုင်ရာ အလုပ်ရှင်များ၊ မိတ်ဖက်ဌာနများနှင့် ပေါင်းစပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)