ကြံခင်းမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြံခင်း မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး  မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ကြံခင်းမြို့နယ် ဗိုလ်ချုပ်လမ်းတစ်လျောက်နှင့် မြို့မဈေးအရှေ့ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည် ဘင်္ဂလားပင်လယ်အော် အခြေအနေ၊ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိခိုက်ပျက်စီးမှု လျော့နည်းစေရေးအတွက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရမည့်  အချက်များ ဖြစ်သော မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့်  မုန်တိုင်း၏ အန္တရာယ်ကို ပြည်သူများ လွယ်ကူစွာသိရှိစေရန်၊ မုန်တိုင်းအရောင်အဆင့် အညွှန်းအမှတ်များနှင့်   လုပ်ဆောင်ရမည့် လုပ်ငန်းများ စသည့်အကြောင်းအရာများ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ (၃၀၀)ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)