စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းစံပြဆု ချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး မေ ၉

ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အလေအလွင့်မရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်း၊ စည်းမျဉ်းစည်းကမ်းများနှင့်ညီညွတ်စေရေး၊ အဂတိကင်းရှင်းရေးတို့အတွက် အလေးထားဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် အားနည်းချက်၊ အားသာချက်တွေကို ပြုပြင်လိုက်နာဆောင်ရွက်ပြီး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများက သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းရန်ပုံငွေ၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်းရန်ပုံငွေများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူး၊ ပြည်၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးများထံသို့ လွှဲပြောင်းပေးအပ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြပထမဆုရရှိသည့် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ တမာကုန်းကျေးရွာအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်မှ မြစိမ်းရောင်စံပြကျေးရွာ ဒုတိယဆုရရှိသည့် ကြို့ပင်ကောက်မြို့နယ်၊ ချောင်းနားကျေးရွာ၊ ပူးတွဲတတိယဆုရရှိသည့် ညောင်လေးပင်မြို့နယ်၊ ရေဆုံးကျေးရွာနှင့် တောင်ငူမြို့နယ် ကုက္ကိုလ်ပင်စုရွာတို့အားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ကြွေးကျန်ကောက်ခံနိုင်မှုဆု ရရှိသည့် အုတ်ဖိုမြို့နယ်နှင့် မင်းလှမြို့နယ်တို့အား  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြသထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ကျေးရွာထုတ်ကုန်များအား လှည့်လည်ကြည့်ရှု့ခဲ့ပြီး MSMEs အေဂျင်စီနှင့်ချိတ်ဆက်၍ ကျေးရွာထုတ်ကုန်များ အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။       

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးအောင်က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ အုပ်စုဖွဲ့ဆွေးနွေး သုံးသပ်ကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)