မြိတ် မေ ၉
၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့နံနက်ပိုင်းက မြိတ်မြို့ရှိ ကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်း အမြန်အပ်နှံစို့” ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ကျောင်းအပ်နှံရေး သီတင်းပတ်အလျား(၆)ပေ၊ အနံ(၃)ပေရှိ မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ဦးသောင်းအေး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများက အ.ထ.က(၁)၊ အ.ထ.က(ခွဲ) အ.လ.က(၁)၊ အ.လ.က(၅) ကျောင်းတို့တွင် စိုက်ထူကြပေးခဲ့ကြ သည်။
ကျောင်းအပ်နှံရေးသီတင်းပတ်ကာလသည် မေလ(၂၃)ရက်မှ (၃၀)ရက်အထိဖြစ်ပြီး ကျောင်းအသီးသီး၌လည်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျောင်းအပ်နှံရေး သီတင်း ပတ်မတိုင်မီ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများ၊ ကျောင်းအုပ်၊ ဆရာ/ဆရာမများ သိရှိ လိုက်နာရမည့်အချက်များ၊ မိဘအုပ်ထိန်းသူများသို့ မေတ္တာရပ်ခံချက်များ၊ ကျောင်းအပ်နှံရေး သီတင်းပတ် နှိုးဆော်စာများကို ဆက်လက် စိုက်ထူကြမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအသီးသီးတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈) ကျောင်း၊ အလယ်တန်းကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၀)ကျောင်း စုစုပေါင်း(၁၅၆)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)