ဟင်္သာတ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေး ကိစ္စများအတွက် ဖွဲ့စည်းပြင်ဆင်ထားရှိမှု အခြေအနေများ၊ ခရိုင်အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လမ်းညွှန် မှာကြားချက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးမှ ကူညီကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ ကြိုတင်စီမံထားရှိမှု အခြေအနေအား ဆွေးနွေးတင်ပြ ပြီးနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်များအလိုက် ကြိုတင်စီမံထားရှိမှု အခြေအနေများအား အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများမှ မိမိတို့ ကော်မတီများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ လိုအပ်သည်များကို ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)