မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြိတ်   မေ    ၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ယမန်နေ့ ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမတွင် မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် မုန်တိုင်းမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ မုန်တိုင်းဖြစ်ပွားနေချိန် တုံ့ပြန်ခြင်းနှင့် ကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မုန်တိုင်းဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး အပိုင်း(၃)ပိုင်းကို တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ လက်ရှိအချိန်တွင် ကြိုတင်ကာကွယ်ရေးအပိုင်း၌ စုဖွဲ့မှုများ၊ လှုံ့ဆော်ရေးအဖွဲ့မှ မုန်တိုင်းသတင်းကို ပြည်သူများသိရှိနိုင်ရေး ကြေညာဆောင်ရွက်ပေးရန်၊ မုန်တိုင်းဖြစ်ပွားသည့်နေရာဒေသကို ချက်ချင်းတုံ့ပြန်ဆောင် ရွက်နိုင်ရေး၊ မုန်တိုင်းဒဏ်ခံနိုင်သည့်နေရာများကို ပြောင်းရွေ့ပေးရေး၊ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိရေးနှင့်  အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ မြိတ်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်က အမှာစကား ပြောကြားပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် မုန်တိုင်းဘေးအန္တရာယ်အတွက် ခရိုင်/မြို့နယ်အဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထုများအား အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ကူညီဆောင်ရွက်နိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ဆွေးနွေးခဲ့ကြပြီး မြိတ်ခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )