ညောင်တုန်း မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အမာရှိန်က သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် ဆောင်ရန်ရှောင်ရန်များ၊ မုန်တိုင်းဘေး၊ လေပြင်းဘေးအန္တရာယ်အတွက် ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အချက်များစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူလေးများ ကျောင်းပိတ် ရက်တွင် အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး စိတ်ဓာတ်ခွန်အား ထက်မြတ်စေရေးအတွက် ဉာဏ်စမ်းပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား/ကျောင်းသူ လေးများကပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်တင်လှိုင် အမှတ်တရဆုလက်ဆောင်များ ပေးခဲ့ကြောင်းသိရသည်။
ထက်ဝေဖြိုး (ပြန်/ဆက်)