သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ”ကမ္ဘာ့ကြက်ခြေနီနေ့”အထိမ်းအမှတ် Maskနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်

သာပေါင်း မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ “ကမ္ဘာ့ကြက်ခြေနီနေ့” အထိမ်းအမှတ် Maskနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးလှုပ်ရှားမှုများကို ယနေ့ မေလ ၈ ရက်နေ့၊ နံနက် ၇ နာရီမှစတင်ကာ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်မိတ်ဖက်ဌာနဆိုင်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ကြက်ခြေနီ၏ အဓိကမဏ္ဍိုင်ဖြစ်သော ရှေးဦးပြုစုခြင်းပညာရပ်များကို ပြည်သူလူထု ပိုမိုသိရှိနားလည်လာစေရန် မြို့နယ်အသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်နှင့်အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသက်ညီညီမင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မိတ်ဖက်ဌာနဆိုင်ရာတို့နှင့်အတူ အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်းတစ်လျှောက်၊ ခရီးသည်ယာဉ်လိုင်းများ၊ ဈေးသွားဈေးလာများ၊မြို့အဝင် မြို့ဦးဂိတ်တို့နှင့်အသင်းခွဲ (ယာယီ)ရုံးရှေ့တို့တွင် ရှေးဦးပြုစုခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ COVID-19 ရောဂါကာကွယ်တားဆီးရန် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းနှင့်စနစ်တကျ တပ်ဆင်ရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး‌နောက် အသင်းခွဲ(ယာယီ) ရုံးရှေ့တွင် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး”သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ”၏ ပြည်သူလူထုအားကူညီပေးနိုင်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာကို အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ကြော်ငြာဆိုင်းဘုတ်တွင် ချိတ်ဆွဲထားရှိခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)