ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဆောင်ရွက်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကန်ကြီးထောင့် မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (OSS) ခန်းမ၌ မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဘင်္ဂလားပင်လယ်အော်တွင် မေလ ၉ ရက်နေ့ မှ ၁၃ ရက်နေ့များအတွင်း ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးမကျရောက်မှီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ အရေးကြီးစာရွတ်စာတမ်းများ ရေမစိုအောင်စနစ်တကျထုတ်ပိုးသိမ်းဆည်းကြရန်၊ ရုံးအဆောက်အဦးအနီးရှိ အန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ကြရန်၊ ဝန်ထမ်းနှင့်မိသားစုဝင်များ၏ အသက်အန္တရာယ်မကျရောက်စေရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရန်၊ မြို့နယ်ကွပ်ကဲရေးရုံးသို့ ဝန်ထမ်းများ အချိန်ပြည့်လာရောက် တာဝန်ထမ်းဆောင်ကြရန်၊ ဆေးဝါးကုသရေးဆိုင်ရာများ၊ လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်ရန်လုပ်ငန်းများအား ရပ်ကျေးသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ အမြန်ဖွဲ့စည်းဆောင်ရွက်ရန်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကွပ်ကဲရေးရုံးများဖွင့်လှစ်ရန်၊ ယာဥ်များ၊ စက်သုံးဆီ၊ ရိက္ခာခြောက်များ၊ ဆန်ရိက္ခာ၊ ဆေးဝါးများ၊ အထောက်အကူပြုပစ္စည်းများ စုဆောင်းထားရှိရန်၊ လက်တွေ့ဆောင်ရွက်မည့် ကော်မတီအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ရန်၊ ထူခြားဖြစ်စဥ်များ တစ်နာရီတစ်ကြိမ် ကွပ်ကဲရေးရုံးသို့ သတင်းပေးပို့ဆောင်ရွက်ရန်၊ လုပ်ငန်းစဥ်အလိုက် အလေးထားဆောင်ရွက်ရန်တို့အား ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဏအလိုက် ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးတင်ပြကြကြောင်း သိရှိသည်။

မဇင်(ပြန်/ဆက်)