ဘားအံမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၅

အနာဂတ်လူငယ်များ ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ် များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း(ဘားအံ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း(ဘားအံ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၁၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း (ဘားအံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိစံက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး၊ စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် စကားဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း(ဘားအံ)မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ ဖြစ်ကြသည့် ကျောင်းသားစောခွယ်ကဘောင်ထွန့်က ကရင်ပြည်နယ်၏ ပထဝီဝင်အနေအထားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား စသက်ပိုင်ဖြိုးက ကရင်ဒုံးယိမ်းအကနဲ့ အောပွဲခေါ်တေးသီပွဲများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူနန်းမေကဗျာဝင်းက ကရင်လူမျိုးတွေရဲ့ ဝတ်စားဆင်ယင်ပုံခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသားစောသာအဲခလိန်းက ကရင်ဖားစည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူနန်းကေသီထူးက အပျိုလူပျိုဘဝဓလေ့၊ လက်ထပ်ထိမ်းမြားတဲ့ ဓလေ့၊ ဒူဝေရိုးရာနတ်အကြောင်း စသည့်ခေါင်းစဉ်များကို အသီးသီး ဦးဆောင်ဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း(ဘားအံ) ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်းဦးဆောင် ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို  ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)