လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

လှိုင်းဘွဲ မေ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ယမန်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အတွက် အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုတွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းထွန်း၊ တပ်ခွဲမှူး ဦးဝင်းဇော်၊ ဒုတပ်ခွဲမှူး ဒေါ်အေးအေးဖြူနှင့် မြို့နယ်အတွင်း ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ‘နှလုံးသားဖြင့်ကူညီတို့ကြက်ခြေနီ’ ခေါင်းစဉ်ဖြင့် ကြက်ခြေနီအသင်း ကူညီဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေး၊ စေတနာအလျောက်သွေးလှူဒါန်းခြင်း စသည့် အကြောင်းအရာများ ပါဝင်သော မျက်နှာသုတ်ပုဝါ (၁၂၀)ထည်နှင့် ယပ်တောင်(၂၀၀)ခုတို့ကို အသိပညာပေးလှုပ်ရှာမှုအနေဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)