အိမ်မဲ အောက်တိုဘာ ၅
ဧရာ၀တီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၀င်များနှင့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ရွှေပြည်တန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဥက္ကဌ ဦးကြည်၀င်းက အဖွင့်အမှာစကား ပြောကြားရာ တွင်၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ တွေ့ဆုံပွဲ ပြုလုပ်ရသည့် အကြောင်းများရှင်းလင်းပြောကြားခဲ့ပြီးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်း ရေးမှူး ဒေါ်ခိုင်ဆွေသက်မှ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာ၀န်များ အားရှင်းလင်းပြောကြားခဲ့၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေးက ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ပါတီအသီးသီးမှ ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန် နှင့် COVID-19ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်မှုများကို အထူးအလေးထား ဆောင်ရွက်ရန် ရွေးကောက်ပွဲတွင်အငြင်းပွားမှုများ ပေါ်ပေါက်လာပါက စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်လက်စွဲနှင့် အညီရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒတို့နှင့်အညီ ဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အိမ်မဲမြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ အဖွဲ့၀င်များ၊ နိုင်ငံရေးပါတီ(၉)ပါတီမှ ကိုယ်စားလှယ်များ၏ရှေ့တွင်အိမ်မဲမြို့နယ်၏က ကြိုတင်ဆန္ဒမဲ ပုံးချိတ်ကြိုးပိတ်ခြင်း ဆောင်ရွက်ခဲ့ပြီး၊ မဲစာရင်းတွင်သင့်အမည်ပါပြီလား အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများအား ကော်မတီ၀င်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင်ရပ်ကွက် ကျေးရွာအုပ်စု၁၀၂ အုပ်စု၌ မဲရုံပေါင်း၁၆၂ ရုံဖွင့်လှစ်ထားရှိပြီးဆန္ဒမဲပေးခွင့် ရှိသူကျား− ၇၁၈၁၈၊ မ−၇၇၃၇၃ဦး၊စုစုပေါင်း− ၁၄၉၁၉၁ဦး ရှိကြောင်းသိရသည်။
ဌေးဌေးလှိုင်(အိမ်မဲ၊ပြန်/ဆက်)