ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀) နှင့် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့

ဗန်းမောက် အောက်တိုဘာ ၅                                                

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍အသက် (၈၀) နှင့် (၈၅) နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ကပေးအပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဗန်းမောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များရှိ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက် (၈၅)နှစ် တင်းတင်းမပြည့်သေးသည့်  သက်ကြီး ရွယ်အိုများအား စတုတ္ထသုံး လပတ်အတွက် တစ်ဦးလျှင် သုံးသောင်းကျပ်ကို ဘိုးဘွား(၄၄၁) ဦးထံသို့ လည်းကောင်း၊ အသက်(၈၀) နှင့် (၈၅) နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဥ်အရ ဘိုးဘွား (၂၂၇) ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်ဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူးများ ၊ ဆယ်အိမ်မှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကျော်စွာ(ဗန်းမောက်)