လိပ်သိုဒေသထွက် ပေါ်ဦးပေါ်ဖျားဒူးရင်းသီးများ ဈေးကောင်းရ

လိပ်သို   မေ ၉                    

ရာသီသီးနှံစာဖြစ်သည့်အပြင် ဝယ်ယူစားသုံးသူများပြားပြီး လူကြိုက်များသော ဒေသထွက် ဒူးရင်းသီးများမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၌ ဈေးကောင်းရရှိသဖြင့် ဒူးရင်းစိုက်တောင်သူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်ရှည်သီးနှံပင် ဒူးရင်းပင်များသည် ဥယျာဉ်ခြံမြေများတွင်   ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ် ဒူးရင်းသီး သီးနှံပေါ်ချိန်တွင်  ဒေသခံ ဒူးရင်းခြံပိုင်ရှင် တောင်သူများ ဝင်ငွေများစွာ ရရှိလျက်ရှိရာ ယခင်နှစ်များတွင် ဒူးရင်းသီးဈေးနှုန်းမှာ အရွယ်အစား အကြီးအသေး အလုံးပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ် (၃၀၀ဝိ/-) မှ (၅၀၀ဝိ/-) ကျပ် အထိ ရောင်းဝယ်ကြပြီး ယခုနှစ်ရာသီ မေလဆန်းပိုင်းတွင် တစ်လုံးလျှင် ငွေကျပ် ( ၅၀၀ဝိ /-) မှ ( ၁၂၀၀ဝိ/-) ကျပ်အထိ ဈေးနှုန်းရရှိကြောင်း သိရသည်။

အဆိုပါ ဒေသထွက်စားသုံးကုန် နှစ်ရှည်သီးနှံပင် ဒူးရင်းသီးများမှာ လိပ်သိုဒေသ အတွင်းရှိ စိမ့်စမ်းရေမြေ ကောင်းမွန်လျက်ရှိသည့် ကျေးရွာများမှ ထွက်ရှိပြီး စားသုံးသူ များစွာ ကြိုက်နှစ်သက်သောကြောင့် ဒူးရင်းသီးများ စတင်ထွက်ရှိချိန်၌ ဒူးရင်းခြံပိုင်ရှင် ဒေသခံ တိုင်းရင်းသား တောင်သူများ ဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)