အောင်လံ မေ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းခန့်မှန်းသတိပေးထုတ်ပြန်ချက်အား ပြည်သူများသတိပြု သိရှိပြင်ဆင်ဆောင်ရွက်နိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ကွက်များ၊ လမ်းများနှင့် လူစည်းကားရာလမ်းထိပ်နေရာများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးချက်တွင် မေလ ၇ ရက်နေ့ မြန်မာစံတော်ချိန်(၁၇း၃၀)နာရီအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်အော်တောင်ပိုင်း၌ မေလ(၈)ရက်နေတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်။ အဆိုပါလေဖိအားနည်းသည် ပိုမိုအားကောင်းလာပြီး မေလ(၉)ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ကာမြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေလ(၁၀)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်သည့် ခန့်မှန်းချက်အခြေအနေအားလည်းကောင်း၊ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအရ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်ပါသဖြင့် မေလ(၉)ရက်နေ့မှ (၁၄)ရက်နေ့ထိ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်သဖြင့် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင်(၈၀)မှ မိုင်(၉၀)ထိ တိုက်ခိုက်နိုင်သည်ဟု ခန့်မှန်းချက်များအားလည်းကောင်း၊ အကြံပြုချက်မုန်တိုင်းငယ်(Depression)အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အချက်အားသိရှိပြီး ပြည်သူများ ကြိုတင်သတိပြုပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်၊ ကုန်းမြင့်ဒေသတွင်နေထိုင်သူများ မြေပြိုမှုအန္တရာယ်နှင့် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ဝေး၊ ငါးဖမ်းရေယာဉ်များ၊ ချောင်းအနီးနေထိုင်သော ပြည်သူများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားနေထိုင်ရန်နှင့် ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များကိုစောင့်ကြည့်၍ လိုအပ်သည်များပြင်ဆင်နိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်ဆက်)